ကျွန်တော်က
စာရေးဆရာ တစ်ယောက်သိပ်ဖြစ်ချင်ခဲ့ပါတယ်။ စိတ်ကူးယှဉ်ပြီး ကဗျာ၊ ဝတ္တုတိုတွေလည်း ရေးခဲ့ပါတယ်။
စာဂျပိုးတစ်ယောက်လိုပဲ စာအုပ်မျိုးစုံလည်း ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှု
နည်းလို့လား မသိဘူး ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ကိုယ်ပိုင်စိတ်ကူးမကောင်းတဲ့အတွက်
စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့စာကို
စွဲစွဲမြဲမြဲဖတ်တဲ့အကျင့်ကတော့ မပျောက်ခဲ့ပါဘူး။ တခါတလေကျလည်း ဆရာမဂျုးလို ရသဝတ္တုတွေ
ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းမျိုးမရှိရင်တောင် ဆရာမြသန်းတင့်တို၊ မောင်မြင့်ကြွယ်တို့လို
ဘာသာပြန် စာရေးဆရာ လုပ်မယ်ဆိုပြီး စိတ်ကူးမိပြန်တယ်။ ကျွန်တော်ရဲ့ပါရမီနည်းလို့လား
မသိပါဘူး။ ကျွန်တော့်အဖေက အင်္ဂလိပ်စပီကင်ဆရာ ဖြစ်ပေမဲ့ ကျွန်တော်က အင်္ဂလိပ်စာ ညံ့တယ်။
ပင်ကိုယ်က စကားပြောလေးတဲ့အတွက် မြန်မာစကားတောင်နှေးတာ အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့
စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့။
အဲ့တော့ ကျွန်တော့်အမနှစ်ယောက်က အင်္ဂလိပ်လိုသွက်လက်စွာပြောနိုင်ပြီး၊
အဖေ့သင်တန်းတွေမှာ ဝင်ရောက်စာပြပြီး တီချယ်တွေအဖြစ် ငယ်ငယ်ရွယ်ရွယ် ဖြစ်နေချိန်မှာ
ကျွန်တော်ကတော့ အင်္ဂလိပ်စကားကို ခွေးအလှည်းနင်းသလို ပြောနေတုံးပေါ့။ ဒါပေမဲ့ ကျွန်တော်သိပ်ကြိုက်တဲ့
စာသားလေးတစ်ခုလို “You must be first, best or difference.” မင်းက အကောင်းဆုံး၊ အတော်ဆုံး
ဒါမှမဟုတ် သူများနဲ့မတူတဲ့လူ ဖြစ်ရမယ် ဆိုသလို ကျွန်တော်က အကောင်းဆုံး၊ အတော်ဆုံး မဟုတ်တောင်
သူများနဲ့မတူတဲ့လူ ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ သူတို့ သွက်သွက်လက်လက် ပြောနိုင်သလို ငါလည်း
အင်္ဂလိပ်ဝတ္တုတွေ ဖတ်တတ်ရမယ်ဆိုတဲ့စိတ်နဲ့ အင်္ဂလိပ်စာကို အရေး၊အဖတ်ကို ပိုပြီးဦးစားပေးလိုက်စားခဲ့ပါတယ်။
အင်္ဂလိပ်လိုဖတ်မယ်လို့ စဉ်းစားလိုက်တဲ့အခါမှာ အဓိက ရွေးရတာ စာအုပ်ပါ။ စာအရေးအသားကလည်း
မခက်ရဘူး၊ ဇာတ်လမ်းကလည်း ဆွဲဆောင်နိုင်ရမယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်တော်စာအုပ်တွေကို
ရွေးချယ်ဖတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကျွန်တော်ရဲ့ အင်္ဂလိပ်လို စာဖတ်နိုင်တဲ့နှုန်းဟာ
မြန်မာစာနဲ့ သိပ်မကွာတော့ပါဘူး။
ကျွန်တော်အသည်းစွဲကြိုက်တဲ့စာအုပ်တွေထဲမှာ
Harry Potterစာအုပ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ မြန်မာဘာသာပြန်ကိုလည်း တစ်အုပ်ကို ခုနှစ်ခေါက်၊
ရှစ်ခေါက် မကြာမကြာ ပြန်ဖတ်သလို အင်္ဂလိပ်လိုစာအုပ်ကိုလည်း ဒီလိုပဲဖတ်ဖြစ်တယ်။ Harry
Potterဇာတ်ကားကိုလည်း ခဏခဏ ကြည့်တယ်။ တခါတလေ သူတို့ရဲ့ British Accentကိုကြိုက်လွန်းလို့
မကြည့်ဘဲလည်း နားထောင်ရုံ ဖွင့်တယ်။ Harry Potterဇာတ်လမ်းတွဲ ပြီးသွားတော့ သူ့လိုဇာတ်လမ်းတွဲကို
မျှော်လင့်နေချိန်မှာ Percy Jackson and the Lightneing Thief ဆိုတဲ့ ရုပ်ရှင်ထွက်လာတယ်။
ဒီရုပ်ရှင်ကိုလည်း ကြိုက်နှစ်သက်လို့ သူနဲ့ပက်သတ်တာ ရှာဖတ်ရင်း seriesဆိုတာ သိခဲ့ရတယ်။Percy
Jackson and the Lightening Thief ဟာ လူငယ်ကြိုက်Harry Potterလို စိတ်ကူးယဉ် ဒဏ္ဃာရီအမျိုးအစား
ဖြစ်ပါတယ်။ တော်တော်များများကလည်း ဒါကို ရုပ်ရှင်အနေနဲ့ ကြည့်ဖူးမယ်လို့ ထင်ပါတယ်။
သူကတော့ ဂရိဒဏ္ဏာရီထဲက ဇာတ်ကောင်များနဲ့ ဇာတ်အိမ်ကို ရောယှက်ဖွဲ့စည်းထားပါတယ်။
Percy Jacksonရဲ့ အရှေ့မှာပဲ ထွက်ခဲ့တဲ့ The Clash of Titans နဲ့ The Wrath of
Titans ထဲက Perseusကို မှတ်မိမလား မသိဘူး။ ဒီPercy Jacksonကလည်း Perseusနှင့် ခပ်ဆင်ဆင်ပါပဲ။
demigod(လူတစ်ဝက်၊ နတ်တစ်ဝက်) ကပြားတစ်ယောက်ရဲ့ အန္တာရယ်ကြားမှာ ရုန်းကန်ရပုံကို ရေးသားထားပါတယ်။
ဒီဇာတ်လမ်းတွဲကို ရေးသားသူ Rick Riordonက ဒီဇာတ်လမ်းရေးသားဖြစ်ခဲ့ပုံနဲ့ ပက်သတ်ပြီး
Demigod Diariesစာအုပ်မှာ ဒီလိုဖော်ပြထားပါတယ်။
“Percy
Jacksonဟာ ကျွန်တော့်သား ဟာလေအတွက် ညအိပ်ရာဝင်ပုံပြင်အနေနဲ့ စခဲ့ပါတယ်။ ၂၀၀၂ခုနှစ်
နွေဦး ဟာလေ ပထမတန်းစတက်တဲ့နှစ်မှာပဲ ကျောင်းမှာ သူအဆင်မပြေဖြစ်ရပါတယ်။ မကြာခင်မှာပဲ
သူ့မှာ ADHD(attention deficit hyperactivity disorder) ကြာရှည်အာရုံစူးစိုက်၍မရသော
ရောဂါ နှင့် dyslexia(စာဖတ်ရန် အခက်အခဲရှိသော ရောဂါ)ရှိမှန်း ကျွန်တော်တို့ တွေ့ရှိရပါတော့တယ်။
ဒီလိုရောဂါတွေကြောင့် သူ့အတွက် စာဖတ်ရတာ အရမ်းခက်ခဲပါတယ်၊ ဒါပေမဲ့ သူ့ကို အလယ်တန်းတောက်လျှောက်
ကျွန်တော်က ဂရိဒဏ္ဏာရီသင်ပေးတဲ့အတွက် ဂရိဒဏ္ဏာရီကိုတော့
သူတော်တော် ကြိုက်နှစ်သက်ပါတယ်။ အဲ့တော့ သူ စာဖတ်ချင်စိတ်ရှိအောင် ကျွန်တော်က အိမ်မှာ
ဒဏ္ဏာရီပုံပြင်တွေ ပြောပြပါတယ်။ ဒဏ္ဏာရီတွေအားလုံး ကုန်သလောက်ရှိတဲ့အခါ သူက အသစ်ပြောဖို့
တောင်းဆိုပါတယ်။ အဲ့အတွက် ရလာဒ်ကတော့ ကျွန်တော်သားရဲ့ ရုန်းကန်ရမှုတွေကို ကိုယ်စားပြုတဲ့
Percy Jacksonဆိုတဲ့ ခေတ်သစ်ADHD/dyslexicဖြစ်နေတဲ့ နတ်လူသားအကြောင်းပဲ ဖြစ်ပါတယ်။”
ကျွန်တော်
အခု စာဖတ်သူတွေကို မိတ်ဆက်ပေးမှာကတော့ Percy Jacksonရဲ့ အစ စာအုပ်ဖြစ်တဲ့ Percy
Jackson and the Lightening Thiefဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဟင်း ငါတို့က ရုပ်ရှင်ကြည့်ဖူးပြီးသားပဲ၊
စာအုပ်က ဘာထူးခြားလို့လဲ၊ ဇာတ်လမ်းသိပြီးသားပဲလို့ ထင်ချင်ထင်လိမ့်မယ်။ ဘာလို့လဲဆိုတော့
ကျွန်တော်ကိုယ်တိုင်လဲ အဲလိုထင်ပြီး Book II: The Sea of Monstersက စဖတ်လို့ပါပဲ။ ဒါပေမဲ့
ရုပ်ရှင်နဲ့ စာအုပ်က တခြားဆီပါပဲ။ ရုပ်ရှင်က ဖန်တီးမှုမှာ ကန့်သတ်မှုတွေများတဲ့အတွက်
တချို့အချက်အလက်တွေ ချန်လှပ်ခဲ့ရပေမယ့် စာအုပ်ကတော့ စာရေးဆရာ အရေးအသားကောင်းသလောက်
စိတ်ကူးကောင်းရင် ကောင်းသလောက် သယ်သွားနိုင်တယ်။
ဇာတ်လမ်းနဲ့ပက်သတ်ပြီး
သိထားရမှာတွေကတော့ ဂရိနတ်ဘုရားတွေဟာ ယနေ့တိုင် ရှိနေကြပါတယ်။ သူတို့ဟာ ကမ္ဘာရဲ့ စူပါပါဝါ
အပြောင်းအရွေ့ကို လိုက်ပြီး သူတို့ရဲ့ အိုလံပတ်တောင်ကလည်း ရွေ့နေပါတယ်။ ယနေ့ခေတ်ရဲ့
စူပါပါဝါနိုင်ငံက အမေရိကန်ဖြစ်တဲ့အတွက် နတ်ဘုရားတွေရဲ့ အိုလံပတ်ကလည်း အမေရိကန်၊ နယူးယောက်မြို့
မင်ဟက်တန်ရပ်ကွက်အပေါ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရင်းနှီးပြီးသား နတ်ဘုရားတွေဖြစ်တဲ့
ဇု၊ ပိုဆိုက်ဒွန်၊ ဟေဒီးတို့အပြင် ကျွန်တော်တို့ မရင်းနှီးတဲ့ တခြားနတ်တွေ၊ တိုက်တန်တွေ
အကြောင်းကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။
Percy
Jacksonရဲ့ဇာတ်လမ်းကို ဇာတ်ကောင် Percyကိုယ်တိုင် ပြန်ပြောပြတဲ့ပုံစံနဲ့ စာရေးဆရာက
I ဆိုတဲ့နာမ်စားနဲ့ ရေးသားထားပါတယ်။ စစချင်းမှာတော့ Percyက သတိပေးတဲ့အနေနဲ့ ရေးထားပါတယ်။
ကျွန်တော် demigodမဖြစ်ချင်ကြောင်း သင်လည်း demigodလို့ထင်ရင် ဒီစာကို ဆက်မဖတ်သင့်ကြောင်းနှင့်
သာမန်လူဆိုရင်တော့ ဒီစာကိုဖတ်နိုင်ကြောင်းနှင့် ကျွန်တော် ခင်ဗျားတို့ကို အားကျတယ်
လို့ စထားပါတယ်။ ကျန်တဲ့ဇာတ်ကြောင်းကတော့ ရုပ်ရှင်နဲ့ သိပ်မကွာလှပါဘူး။ ဇု နဲ့ ပိုဆိုက်ဒွန်တို့
တစ်ယောက်နဲ့တစ်ယောက် ဇု့မိုးကြိုးသွား ပျောက်မှုအတွက် ရန်စောင်နေကြပါတယ်။ ဇုရဲ့မိုးကြိုးသွားဟာ
ဆောင်းယဉ်စွန်းချိန်၊ နတ်သဘင် စည်းဝေးကျင်းပချိန်မှာ ပျောက်သွားတာပါ။ နတ်ဘုရားတွေဟာ
တစ်ယောက်ရဲ့လက်နက်ကို တစ်ယောက်ကကိုယ်တိုင် မခိုးနိုင်ပေမဲ့လည်း Hero(demigod)တွေကတော့
ခိုးနိုင်ပါတယ်။ အဲ့တော့ ဇုက သူ့လက်နက်ကို ပိုဆိုက်ဒွန်က heroတစ်ယောက်ကို ကိုယ်စားခိုးခိုင်းတယ်လို့
ထင်ပါတယ်။ ပိုဆိုက်ဒွန်ကို ထင်ရတာလည်း အကြောင်းရှိပါတယ်။ တခါတုန်းက ပိုဆိုက်ဒွန် ဦးဆောင်ပြီး
နတ်ဘုရားတွေအားလုံးပေါင်းကာ ဇုကို ဖမ်းချုပ်ဖူးပါတယ်။ ဇုက နတ်တွေကို ကောင်းကောင်းအုပ်ချုပ်မယ်ဆိုတဲ့
ဂတိတောင်းပြီးမှ ပြန်လွှတ်ခဲ့ပါတယ်။ ဒီတော့ ပိုဆိုက်ဒွန်လို့ ထင်တာ မဆန်းဘူးပေါ့။ ဒါပေမဲ့
ပိုဆိုက်ဒွန်ကလည်း သူမယူတဲ့အတွက် ဇုကို ဒေါသထွက်ပါတယ်။ ဇုက သူရဲ့မိုးကြိုးသွားကို နွေယဉ်စွန်းချိန်(ဇွန်
၂၁)ရက်မှ ပြန်မပေးရင် စစ်ပွဲစမယ် လို့ ရာဇသံပေးပါတယ်။ ပိုဆိုက်ဒွန်ကလည်း အဲ့မတိုင်ခင်
သူ့ကို စွပ်စွဲတာကို ရုပ်သိမ်းပေးရပါမယ်၊ မပေးရင် စစ်တိုက်မယ်လို့ ကြေညာပါတယ်။ ဇု နဲ့ ပိုဆိုက်ဒွန်တို့ တစ်ယောက်နဲ့ တစ်ယောက် မိုးကြိုးသွား
ပျောက်မှုအတွက် ရန်စောင်နေချိန်မှာ Percyဟာ Camp Half-Bloodကို monstersတွေ လိုက်လို့
ရောက်သွားပါတယ်။ သူ့အမေကို Minotaur (လူတဝက် ကျွဲတဝက်)က Underworld(ငရဲ)သို့ ပို့လိုက်ပြီး
သူကတော့ minotaurကို သတ်နိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ပိုဆိုက်ဒွန်က ပါစီဟာ သူ့သားဖြစ်ကြောင်း
အမှတ်အသားပြ လိုက်ပါတော့တယ်။ အဲ့တော့ ဇုရဲ့ သံသယက ပိုခိုင်မာသွားပြီး အားလုံးလဲ သူ့ကို
ဇုနတ်မင်းရဲ့ မိုးကြိုးသွားခိုးတဲ့လူလို့ ထင်နေကြပါတယ်။ ပိုဆိုက်ဒွန်က သူ့သားအဖြစ်
အသိအမှတ် ပြုတာကလည်း သူအပြစ်ကင်းကြောင်း ပါစီကို သက်သေပြစေချင်တဲ့သဘောလည်းပါပါတယ်။
ပါစီအနေနဲ့ သူမခိုးကြောင်း သက်သေပြဖို့အတွက် စွန့်စားခန်းဖွင့်ရပါတော့တယ်။ စွန့်စားမှုခရီးမစခင်
ထုံးစံအတိုင်း နတ်ဆရာဆီမှာ နမိတ်ဖတ်ရပါတယ်။ ဒါပေမဲ့ နတ်ဆရာကတော့ မာမီအလောင်းကြီး ဖြစ်နေပါတယ်။
နမိတ်ကတော့ အနောက်ကို ခရီးထွက်ရမှာဖြစ်ပြီး Underworld (ငရဲ) သွားရင် ပျောက်တဲ့အရာ
တွေ့မယ်လို့ ဟောပါတယ်။
ရုပ်ရှင်ထဲက
အသီနာဘုရားကျောင်းမှာ ဟိုက်ဒရာနဲ့သတ်ပြီး ပုလဲလုံးယူတာ တကယ်တော့ စာအုပ်ထဲမှာ မပါပါဘူး။
မ(တ်)ဒူဆာ၊ မြွေဆံပင်နဲ့မိန်းမကို သတ်တာလည်း ပုလဲလုံးအတွက် မဟုတ်ပါဘူး။ ပုလဲလုံးတွေက
တကယ်တော့ သူ့အဖေက မြစ်စောင့်နတ်ကတစ်ဆင့် သူ့ကိုပေးခိုင်းတဲ့လက်ဆောင်ပါ။ အချိန်ကျရင်
အသုံးဝင်လိမ့်မယ်ဆိုပြီး ပေးတာပါ။ ရုပ်ရှင်ထဲမှာမပါတာကတော့ ဟေဒီးကလည်း ဇုနဲ့ တစ်ချိန်ထဲမှာပဲ
သူ့ရဲ့ အမှောင်သရဖူ ပျောက်သွားတာပါ။ ဒါကြောင့်လည်း ဟေဒီးရဲ့ တပည့်တွေဖြစ်တဲ့ The
Furies(မြွေဆံပင်နဲ့ နတ်သမီးသုံးပါး)ကလည်း ဒါကို လိုက်ရှာနေကြပါတယ်။ သူတို့ကလည်း ပါစီယူတယ်လို့
ထင်နေကြပါတယ်။ ဒီတော့ ပါစီက နွေယဉ်စွန်းချိန်အမှီ မိုးကြိုးသွားကို ပြန်ရှာတွေ့မယ်ပြီး
နတ်တွေကြားက စစ်ပွဲကို တားဆီးနိုင်မလား။ ဒီခိုးမှုရဲ့နောက်ကွယ်မှာ ဘယ်သူကကြိုးကိုင်နေတာလဲ။
တမင်အကွက်ဆင်ထားတဲ့ထဲမှ ပါစီ လွတ်မြောက်နိုင်မလား။ သူ့အတွက် အကူအညီဆိုလို့ ဆိတ်တစ်ပိုင်းလူတစ်ပိုင်းသူငယ်ချင်း
ဂရိုဗာ၊ ညဏ်ပညာနတ်ဘုရားမ သမီး အန်နာဖတ်ရယ်ပဲ ရှိပါတယ်။ ရုပ်ရှင်နဲ့ အများကြီးကွာကြောင်း
ဖတ်ကြည့်ရင် သိပါလိမ့်မယ်။
ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။
0 comments:
Post a Comment